ကံကောင်းထောက်မ တောက်ပကြယ်တစ်ပွင့်
၉.၂.၂၀၁၁ ရက်နေ့က မြို့ထဲသွားဖြစ်ရင်းနဲ့ စာပေလောက( ၅ ) ကိုဝင်ဖြစ်လိုက်သည်။ ဒီလအတွင်း စာအုပ်တွေဝယ်တာ များနေလို့ မ၀ယ်တော့ဘူး ဆုံးဖြတ်ထားသော်လည်း သူငယ်ချင်းနဲ့အတူတူ တော့ စာအုပ်တွေ လိုက်ကြည့်ဖြစ်သည်။ လိုက်ကြည့်ရင်းနဲ့ သရေယိုချင်စရာ စာအုပ်တွေ တွေ့နေတော့ စိတ်က မနည်းထိန်းထားရပါသည်။ ဒီလိုနှင့် သူငယ်ချင်းကို ဟိုစာအုပ်ယူ၊ ဒီစာအုပ်ဝယ် စာအုပ်ဝယ်လမ်းညွှန်လုပ်ရင်းနဲ့ စာအုပ်တွေကို လျှောက်ကြည့်နေမိသည်။ စိတ်ထဲတော့ မရိုးမရွနှင့် ဆာလောင်နေသော ကလေး လူကြီးခွင့်ပြုချက်မရသေးလို့ စားပွဲပေါ်ကကိတ်မုန့်စားချင်သဖြင့် ပါးစပ် တပြင်ပြင်ဖြစ်နေသည်နှင့် တူပါသည်။ တကယ်တော့ အလကား လျှောက်ကြည့်နေတာ မဟုတ်ပါဘူး။ စိတ်ထဲက လိုချင်နေတဲ့ စာအုပ်တအုပ်ကို ရှာနေမိတာပါ။ ဒါပေမဲ့ အမျိုးအစားအမျိုးမျိုး စာအုပ်ပုံတွေကြားထဲမှာ ဘယ်လိုမှ ရှာမတွေ့ပါဘူး။
နာရီဝက်လောက် ကြာအောင် စာအုပ်စင်တန်းတွေကို မွှေနှောက်ကြည့်ရှု့ပြီးနောက် ကျနော် မနေနိုင်သည့်အဆုံး ကောင်တာမှ အမျိုးသမီးအား မေးမိလိုက်တော့သည်။ ကျနော် လိုချင်သည့် စာအုပ်မှာ ဒေါက်တာမောင်မောင်ညိုရေးသော “ကံကောင်းထောက်မ တောက်ပကြယ်တပွင့်” ပင်ဖြစ်ပါသည်။

ဆရာနှင့်ကျနော် အသက်အရွယ်ပညာအရည်အချင်းများစွာ ကွားခြားပါသည်။ ဒါပေမဲ့ ကံကောင်းထောက်မစွာဖြင့် ၂၁ ရာစု၏ ကောင်းမွေ တခုဖြစ်သော အင်တာနက်အနုပညာယဉ်ကျေးမှု မှာ စီးမျောမှုခြင်း တူသဖြင့် ဆရာမောင်မောင်ညိုနှင့် ကျနော် ကမ္ဘာ့အကြီးဆုံး လူမှုဆက်သွယ်ရေးကွန်ရက်ကြီး တခုတွင် မိတ်ဆွေများဖြစ်နေကြသည်။
ဆရာ ထိုစာအုပ်အကြောင်း ကြေညာကတည်းက ကျနော် စိတ်ဝင်တစားဖတ်ချင်နေသည်။ ကျနော်သည် ကျော်ကြားသောသူတိုင်း၏ အတိတ်ဇာတ်လမ်း၊အတ္ထုပ္ပတ္တိတိုင်းကို စိတ်ဝင်စားသူမဟုတ်ပါ။ ဒါပေမဲ့ ကျနော် စိတ်ဝင်စားသည့် ပုဂ္ဂိုလ်များ၏ ငယ်ဘ၀ဇာတ်လမ်းများမှစ၍ ထိုသူတို့ ဖြတ်သန်းခဲ့ရသော ကာလ၊ အကြောင်းအရာ၊ ဆက်ဆံခဲ့ရသော သူများ အစရှိသဖြင့် စိတ်ဝင်တစားရှိတက်ရာ ဒေါက်တာမောင်မောင်ညို၏ စာအုပ်ကို ဖတ်ရှုလိုချင်း အာသီသ ဖြစ်ပေါ်သည်မှာ ထိုကြောင့်ပင်ဖြစ်ပါသည်။
စာအုပ်အရောင်းကောင်တာမှ အမျိုးသမီး ညွှန်ပြသည့် စာအုပ်စင်တွင် ကျနော်လိုချင်သော စာအုပ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကိုတွေပါသည်။ ကျနော် ၀ယ်လာခဲ့သည်။ ဒီလိုစာအုပ်မျိုးရေးသော စာရေးဆရာ ဒေါက်တာမောင်မောင်ညိုကိုလည်း စိတ်ထဲမှ ကျေးဇူးတင်နေမိသည်။ ကျနော့်အတွက် သူနှင့် သူ့ခေတ်ပြိုင်များ၊ ဟိုတုန်းက နိုင်ငံရေး၊လူမှုရေး၊စီးပွားရေးကစလို အခြေအနေအရပ်ရပ်များကို ဒီလိုစာအုပ်များမှ ရနိုင်သည်။ ထိုပြင်တ၀ စာရေးသူ ပြောချင်လိုသော သာမန်ခလေးတယောက်မှ ဘွဲ့ထူးဂုဏ်ထူးများစွာပိုင်ဆိုင်သည့် နာမည်ကျော် အနုပညာရှင် စာရေးဆရာတဦးဖြစ်လာနိုင်သည့်၊ ဖြစ်လာဖို့ အတွေးအမြင်များ၊ အလေ့အကျင့်များ၊ အတွေ့အကြုံများမှသည် မြောက်များစွာသော အကြောင်းအရာများကို အတုယူသင့်ဖွင့် တွေ့နိုင်သည်။
ဆရာနှင့် လူမှုကွန်ရက် ၀က်ဆိုဒ်များတွင် မိတ်ဆွေဖြစ်ပြီးမှ သူငယ်ချင်း တယောက်ညွှန်းသော ဆရာ့ဘလော့ တွင် ဆရာငယ်ဘ၀အကြောင်းလေးများ၊ ဆရာအတွေးအမြင်များ၊ ကဗျာများကို ကျနော်တတ်သော မတောက်တခေါက် အင်္ဂလိပ်စာလေးဖြင့် ဖတ်ဖူးမှတ်ဖူးသည်။ ယခုတော့ ကျနော် ထိုအကြောင်းအရာများ များစွာပါဝင်မည့် ဗမာလိုရေးထားသော စာအုပ်ကို လက်ဝယ်တွင် ဖတ်ရှု့ရသဖြင့် နှလုံးပီတိဂွမ်းဆီထိ ဖြစ်ရသည်။
မနေ့ညက ဖတ်နေရင်းနှင့် ဆရာဆီ စာရေးချင်သည့် စိတ်ဖြစ်ပေါ်လာသဖြင့် လူမှုကွန်ရက်ဆက်သွယ်ရေးဝက်ဆိုဒ် စာတိုပို့စနစ်မှ စာတိုလေး ရေးပို့လိုက်ရာ ဒီနေ့ ညနေတွင် ဆရာ့ဆီမှ ပြန်စာလာပါသည်။ ထိုအတွက် အထူးပင် ကျေးဇူးတင်မိပါသည်။ ဆရာနှင့် ပထမဦးဆုံးအကြိမ် ဆက်သွယ်မှုလေးကို အမှတ်တရ ဖော်ပြလိုက်ပါသည်။

စာအုပ်အကြောင်း အနှစ်ချုပ်အနေဖြင့်ကို မြန်မာဘွခ်ရှော့မှ တင်ပြလိုက်ပါသည်။ ဒေါက်တာမောင်မောင်ညို၏ အသက် ၁၃ နှစ်အရွယ်တွင် ဆေးအကြိုသင်တန်း (မန္တလေး)တက်ရောက်ရန် ရွေးချယ်ခြင်း ခံခဲ့ရပြီး ၁၉၆၁ ခုနှစ်၌ ရန်ကုန်တက္ကသိုလ်၏ ဆရာဝန်ဘွဲ့၊ ၁၉၆၉ ခုနှစ်၌ လန်ဒန်တက္ကသိုလ်၏ ဆေးပညာ ပါရဂူဘွဲ့၊ အမေရိကန်ပြည်ထောင်စု မိရှိဂန်ပြည်နယ် တက္ကသိုလ်မှ ဆေးပညာသိပ္ပံ မဟာဝိဇ္ဇာဘွဲ့လက်မှတ်၊ ၄င်းတက္ကသိုလ်မှပင် လူ့ဆေးပညာကောလိပ်နှင့် အရိုးအရင်းခံ ကောလိပ်မှ M.Dဘွဲ့နှင့် ဆေးပညာပါရဂူဘွဲ့ အပါအ၀င် ပြည်တွင်း၊ ပြည်ပ ဘွဲ့လက်မှတ်များစွာကို ရရှိခဲ့သူ၊ အိမ်ထောင်ရေး ဆေးပညာပေးစာအုပ်များဖြင့် တစ်ခေတ် ထူထောင်နိုင်ခဲ့သူ၊ လက်ရှိတွင် မလေးရှားနိုင်ငံ ကူးချင်းမြို့ရှိ ဆာရာဝပ်ပြည်နယ်တက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူ စာရေးသူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။
စာရေးသူ၏ မျိုးရိုးဇာတိ၊ မန္တလေး ဆေးအကြိုကျောင်းသားဘ၀၊ ရန်ကုန်တက္ကသိုလ် ဆေးအကြိုကျောင်းသားဘ၀နှင့် ရန်ကုန်တက္ကသိုလ် ဆေးကောလိပ်များတွင် ပညာဆည်းပူးခဲ့ပုံ၊ ဆရာဝန်ဖြစ်ပြီးနောက် စစ်ဘက်တွင် ပြန်တမ်းဝင်အရာရှိအဖြစ် ပြင်ဦးလွင်၊ တောင်ကြီး၊ မိုင်းတုံ၊ လားရှိုးအပါအ၀င် မြန်မာပြည်အနှံ့တွင် တာဝန်ထမ်းဆောင်ခဲ့ပုံ၊ စစ်ဘက် အတွေ့အကြုံများ၊ ဗိုလ်မှူးအဆင့်ဖြင့် အငြိမ်းစားယူခဲ့ပုံ၊ ဆေးတက္ကသိုလ် ၂ တွင် စာသင်ကြားပေးခဲ့ပုံ၊ ဆေးကုသမှု အတွေ့အကြုံ၊ စာပေနယ်ထဲသို့ ၀င်ရောက်လာခဲ့ပုံ၊ လက်ရှိ မလေးရှားတွင် တာဝန်ထမ်းဆောင်ရင်း ထိုင်း၊ မလေး၊ စင်ကာပူ၊ သြစတေးလျနိုင်ငံများသို့ အလည်ခရီးထွက်ခဲ့ပုံများကို စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။
စာအုပ်အစတွင်ပင် ဒေါက်တာမောင်မောင်ညိုအတွက် ရေးပေးထားသော မိတ်ဆွေများ၏ အမှာစာများကို တခြားစာအုပ်တွေထက် ထူးကဲများပြားစွာကို တွေ့ရသည်။ ဆရာ၏ ပေါင်းသင်းဆက်ဆံရေး အတိမ်အနက်ကို မှန်းလို့ပင်ရသေးသည်။ အမှာစာများတွင် ဆရာ ဒဂုန်တာရာ၊ ဆရာပါရဂူ၊ ဒေါက်တာ သော်ကောင်းတို့မှ စ၍ လေးငါးဆယ်ဦး ရေးထားသည်ကို ဖတ်ရသည်။
စာဖတ်ဝါသနာပါသော လူများနှင့် ခေတ်ပြိုင်များကို သိချင်ဖတ်ချင်သော လူများ ၀ယ်ယူဖတ်ရှု့သင့်သော စာအုပ်ဟု နိဂုံးချုပ်ပြောကြားလိုပါသည်။
မုဒိတာပွားစွာဖြင့်
ဖိုးသူတော်
၁၉း၁၁ နာရီ
၁၀.၂.၂၀၁၁
စာကိုး။ – မြန်မာဘွခ်ရှော့
ဓါတ်ပုံ။ – မြန်မာဘွခ်ရှော့နှင့်ဖေ့ဘွခ်လူမှုကွန်ရက်















